တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

တံတားဦး ဇွန် ၇

အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဝင်းက တောင်သူနည်းပညာပေးအကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချတာဝန်ခံ ဒေါ်သင်းသင်းချိုက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့် အကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်က မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးပြောကြား၍ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာသည့် တောင်သူများ၏ ဆွေးနွေးမှုများအပေါ်  ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ်တောင်သူ ၅၀ ဦးအား သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)