ဟင်္သာတမြို့၌ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟင်္သာတ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ မူခင်းများလျော့နည်းကျဆင်းရေးတို့ကိုရည်ရွယ်၍ အစိုးရ၏ ရက်(၁၀၀) စီမံချက်အတွင်း ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ၊ မူခင်းအသိပညာပေး

လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၈) နာရီအချိန်က ဟင်္သာတမြို့ ဉယျာဉ်မြောက်ရပ်ကွက် မန်းဘခိုင်လမ်းရှိ ဟင်္သာရုပ်တုအဝိုင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်မျိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်ဌေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်း၊ အမှတ်(၈၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဟင်္သာတ)မှ ဒုတိယရဲမှူး ယဉ်မင်းသိုက်တို့ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြည်သူလူထုသို့ ဆိုင်ကယ်စီးဦးထုပ် အလုံးရေ(၂၀၀)အား အခမဲ့ဖြန့်ဝေပေးခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင် ၂၅၀ နှင့် မူခင်းအသိပညာပေး လက်ကမ်းစာစောင် ၂၀၀ တို့အား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)