ပျော်ဘွယ် ဇွန် ၇
ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာ၌ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာအတွင်းနှင့် အခြားကျေးရွာများသို့ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ယခုလပထမ သီတင်းပတ်တွင် ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ပြီးစီးခဲ့ပြီဖြစ်သည်။
အဆိုပါလမ်းမှာ မိုးရာသီကာလတွင် သွားလာရခက်ခဲ့သောလမ်းဖြစ်ကြောင်း၊ ယခုအခါတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် အရှည် ၃၇၃ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိ ကွန်ကရစ်လမ်းအတွက်ကုန်ကျသော ဘိလပ်မြေ၊ သံချောင်း၊ သဲ စသည့် ဆောက်လုပ်ရေးသုံး ပစ္စည်းများလှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ကျေးရွာပြည်သူများ၏လုပ်အားဒါနနှင့် လှူဒါန်းငွေများဖြင့် ခင်းကျင်းခဲ့ခြင်းဖြစ်ကာ ကုန်ကျငွေစုစုပေါင်းကျပ် ၃၁၀ သိန်းဖြစ်ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းကြောင့် ကျေးရွာအတွင်းရှိပြည်သူများသာမက အခြားကျေးရွာရှိ ပြည်သူများပါ သွားလာမှု လွယ်ကူလာသလို လယ်ယာထွက်ကုန်ပစ္စည်းများကိုလည်း အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မည့် လမ်းတစ်လမ်းဖြစ်လာကြောင်း လမ်းဆောက်လုပ်ရေးကော်မတီထံမှသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)