စဉ့်ကိုင် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း မန္တလေးလျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်းမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ရွာနိုင်ရပ်ကွက်လမ်းဆုံတွင် တည်ဆောက်ခဲ့သည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် အုန်းပင်ခြံကျေးရွာလမ်းဆုံတွင် တည်ဆောက်ခဲ့သည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးတို့အား ယမန်နေ့ နံနက် ၉ နာရီမှစ၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတိုက်ကြည်တို့က မီးခလုပ်နှိပ်၍ လျှပ်စစ်ဓါတ်အား ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရွာနိုင်ရပ်ကွက်ရှိ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးမှ ရွာနိုင်ရပ်ကွက်၊ ရန်အောင်မြင် ရပ်ကွက်၊ တရုတ်စုရပ်ကွက်၊ ဇီးတောကျေးရွာ၊ သိန္ဒီကုန်းကျေးရွာနှင့် ပုဏ္ဏားရွာကျေးရွာတို့ရှိ ဓါတ်အားသုံးစွဲသူ ပြည်သူများနှင့် အုန်းပင်ခြံကျေးရွာရှိ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးမှ အုန်းပင်ခြံကျေးရွာ၊ စံပြကျေးရွာ၊ ချောင်းပတ်ကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် မုန်ပင်ကျေးရွာတို့ရှိ ဓါတ်အားသုံးစွဲသူ ပြည်သူများသို့ ဗို့အားပြည်ဝစွာ ဓါတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မီးခလုတ်နှိပ်၍ လျှပ်စစ်ဓါတ်အား ပို့လွှတ်ပေးခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတိုက်ကြည်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်းနိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)