မိုးနဲ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် အုပ်စု(၁၂)တွင် ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ်တံတားတစ်ခုကို ရပ်ကွက်နေပြည်သူများနှင့် အလှူရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် တံတားလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားမှာ အရှည် ၁၃ ပေ ၊အကျယ် ၁၃ ပေ ရှိပြီး လူအင်အားပါဝင်မှု၊ စေတနာရှင်များ လှူဒါန်းမှု စုစုပေါင်း ၁၂ သိန်းကျော်ဖြင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယင်းတံတားပြီးစီးသွားသည့်အတွက် နှစ်စဉ်တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံခြင်းမှ ကာကွယ်နိုင်ခြင်း၊ ကျေးရွာကုန်ထုတ်လမ်းအတွက် အဆင်ပြေစွာအသုံးပြုနိုင်ခြင်း စသည့် အကျိုးများခံစားရရှိမည်ဖြစ်ကြောင်း လွိုင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်နိုင်၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)