တာမွေ ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ရက်(၁၀၀) စီမံချက်ဖြင့် စီစဉ်ကျင်းပသော မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်ကပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စာရေးဆရာ အလင်းဆက်(IR)က မူးယစ်ဆေး ဖြတ်ပြီးသူများအား နေ့စဉ်လူနေမှုဘဝအတွက် အဓိကလိုအပ်ချက် ဖြစ်သည့် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အမူအကျင့် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများက စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်များ ပြုပြင်ပြောင်းလဲရာတွင် လိုက်နာကျင့်ကြံနေထိုင်ရမည့် အပြုအမူများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ လူငယ်စာရေးဆရာ အလင်းဆက်(IR)က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ယင်းနောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူ ထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက အသိပညာပေး ဟောပြော ဆွေးနွေးပေးခဲ့သည့် လူငယ်စာရေးဆရာ အလင်းဆက်(IR)အား ဂါရဝပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လုပ်ငန်းစီမံချက် များနှင့်အညီ မိဘအုပ်ထိန်းသူများ၏အပ်နှံမှုဖြင့် အသင်းရုံးရှိ မေတ္တာစံအိမ်တွင် မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှု ခံယူနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်နှင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားစေရန်တို့အတွက် ရည်ရွယ် ၍ စာပေပညာရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟော ပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။
နိုင်လင်းအောင် ( တာမွေ )