မော်လမြိုင် ဇွန် ၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေပိုင်းက မြိုင်သာယာရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးကျော်သူက မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်သည့်မုန်တိုင်းမဖြစ်မီ၊ ဖြစ်ပွားနေစဥ်နှင့် ဖြစ်ပွားပြီးအချိန်တို့တွင် ဆောင်ရွက်ရမည့် အရောင်အမှတ်အသားအလံများ ဘေးအန္တရာယ်ကြုံတွေ့လာပါကပြင်ဆင်ရန် လိုအပ်သည့်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများအားသရုပ်ပြခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ လူနာများအား ရှေးဦးပြုစုခြင်းများကို သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မုန်တိုင်းသတိပေးအရေးပေါ်ထုတ်ပြန်ချက်သတင်းအား ကျေးရွာနေပြည်သူများ သိရှိနိုင်ရန် အသံချဲ့စက်ဖြင့်ကြေညာပြီး ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့်ကုန်းမြင့်ပိုင်းဘေး လွတ်ရာနေရာသို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်နှင့် မသန်စွမ်းသူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ် ဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်းနှင့်ဆေးခန်းသို့ ကူညီပို့ဆောင်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၂၀၀)ဦးခန့် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)