ကျောက်မဲမြို့၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

ကျောက်မဲ ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက် အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် ဝန်ထမ်းများသည် ရက်(၁၀၀) လမင်းစီမံချက်အရ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) ခန်းမ၌ ကျောင်းတက် ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် Biometric (UID) ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီးဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက် (၁၀) နှစ်ပြည့် ကျောင်းသား ၉၆ ဦးနှင့် ကျောင်းသူ ၈၃ ဦး စုစုပေါင်း ၁၇၉ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများကို နေ့ချင်းပြီး စိစစ် ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးအပ်ခဲ့ကြသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်နေမှုများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်နှင့် ဦးမြင့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေတို့က လာရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့ကြသည်။

အဆိုပါ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထံ သက်သေခံ အထောက်အထားများ ကွင်းဆင်းထုတ်ပေးခြင်းလုပ်ငန်းများကို ကျောက်မဲမြို့နယ် အတွင်းရှိ အခြားသောအခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)