မြစ်ကြီးနား ဇွန် ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသား/ ကျောင်းသူ များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်းရှိ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ စုပေါင်း၍ ကျောင်းဝင်း အတွင်းနှင့် အပြင်ဘက်တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ အနော်ရထာလမ်းမကြီးတစ်လျှောက် လမ်းဘေး ဝဲ/ ယာ တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရမ်ပူရပ်ကွက် သာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများနှင့်အတူ သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမြို့ ဒူဝါဇော်ရစ်လမ်းမ၌ ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မိုးရာ သီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်ခွင့်ရသည့်အတွက် များစွာ အားရမိပါ ကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြည်သာယာလှပလာစေရေးအတွက် အားလုံးက ဝိုင်းဝန်း ကြိုးစားကြရန်နှင့် သစ်ပင်စိုက်ပျိုးခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးက နှစ်စဉ် မိုးရာသီတွင် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့တွင်း အဓိကလမ်းမကြီးဘေးဝဲ/ယာများတွင် စိမ်းလန်းစိုပြည်ပြီး ပန်းမြို့တော်ဖြစ်လာ စေရေး သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်၍ စိုက်ပျိုးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ယခုနှစ်အတွက် စိုက်ပျိုးသွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးနှင့်ဇနီးတို့ထံလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် ဇနီးတို့က ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များထံ လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိတို့က တက္ကသိုလ် ကောလိပ်များ၊ ဌာနဆိုင်ရာများနှင့် အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များထံ လည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုကူညီအသင်းအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဒူဝါဇော်ရစ်လမ်းမကြီးတစ် လျှောက်လမ်းဘေးဝဲ/ယာတို့ရှိ သတ်မှတ်နေရာအသီးသီးနှင့် ဆွမ်ပရာဘွမ်လမ်း၊ မြို့ရှောင်လမ်းနှင့် မြို့တော်ခန်းမတို့တွင် ပန်းပွင့်၍ အရိပ်ရသည့် သပြေဘူတပင်၊ ထိုင်ဝမ်ဗန်ဒါပင်၊ ငုဝါပန်းပင်၊ စင်္ကာပူချယ်ရီ၊ ကံ့ကော်ပင်၊ ငုစပ်ချယ်ရီပင်၊ ပိတောက်ပင်နှင့် Fox Tail ပင် စသည့်ဖြင့် ပျိုးပင်စုစုပေါင်း (၂၂၆၃)ပင်ကို တစ်ပြိုင်နက်ထဲ တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့နယ် OSS ရုံးအတွင်းရှိ မနောရွှေပြည် ခန်းမ၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်လာခဲ့ကြသော ဘာသာရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များမှ ဘာသာရေးအသင်းတော်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပင်စင်စားနှင့် ပြည်သူများ စုစုပေါင်းအိမ်ထောင်စု (၁၉၃၂)စုတို့အတွက် ဆန်(၂၄)ပြည်ပါအိတ် (၁၀၂၅)အိတ်ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အိမ်ထောင်စုများကိုယ်စား ကျောင်းဆရာမတစ်ဦးက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အားပေးစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်း KBC အသင်းတော်ဖွံ့ဖြိုးရေးခြံဝင်းအတွင်းမှ ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ဦးတင်မြင့်ပိုင် ကျွန်းတောခြံဝင်းအတွင်း ပြောင်းရွှေ့နေထိုင်ကြသည့် ယာယီတိမ်းရှောင်မိသားစု၏ ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရွေ့ပြောင်းနေထိုင်ရသည့်အတွက် လိုအပ်ချက်များရှိပါက အချိန် နှင့်တစ်ပြေးညီ တင်ပြကြစေလိုကြောင်း၊ လိုအပ်သည်များကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားကာ မိသားစုပြောင်းရွေ့နေထိုင်မှုအတွက် ငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်း မဂျွယ်ခန်းမ၌ ကျင်းပလျက်ရှိသော မုတ်သုံဦး MSME ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်သို့ သွားရောက်ပြီး ပွဲတော်အတွင်း ဒေသထွက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား ကုန်ချောပြုလုပ်ထုတ်ပိုး၍ စားသောက် ကုန်၊ လူသုံးကုန်များနှင့် အဝတ်အထည်များအဖြစ် ရောင်းချနေမှုနှင့် ဒေသတွင်းထွက်ရှိသည့် ကျောက်စိမ်း၊ ပယင်းနှင့် လက်ဝတ်ရတနာအချောထည်များ ပြုလုပ်ရောင်းချလျက်ရှိသည့် ဒေသခံ MSME လုပ်ငန်းရှင်များ၏ ပြသရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ပြန်/ဆက်