စစ်တွေ ဇွန် ၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ အားပေးစကားပြောကြားပြီး ပြည်နယ်လမ်းဦးစီးဌာနပိုင် ယာဉ် ယန္တရားများ၊ တည်ဆောက်ရေးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ စစ်တွေမြို့၊ မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း (စစ်တွေ)သို့သွားရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများကို ကြိုးစားလေ့လာသင်ယူကြရန်၊ အတတ်ပညာများအပြင် ပြင်ပဗဟုသုတများကို လေ့လာဆည်းပူး၍ အမှန်နှင့်အမှား ဝေဖန်ပိုင်းခြားနိုင်သော လူတော်လူကောင်းများ ဖြစ်အောင် ကြိုးစား ကျင့်ကြံနေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အတွေးအခေါ် အသိအမြင်နှင့်အယူအဆကောင်းများ သိရှိနားလည်စေရန်၊ ဗလ ငါးတန်နှင့်ပြည့်စုံ၍ နောင်တစ်ချိန်တွင် မိမိနိုင်ငံ၊ မိမိဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်း ရတနာများဖြစ်အောင် လေ့လာသင်ကြားပျိုးထောင်ရမည်ဖြစ်ကြောင်းမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များနှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာကြီးမြောက်ရပ်ကွက် ယာယီအားကစားကွင်း အားလည်းကောင်း၊ မြို့သူကြီးရပ်ကွက် ယာယီအားကစားကွင်းနှင့် အိုလံပစ်အားကစား ကာယပညာနှင့် အလေးမအသင်းရုံအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ပေးနိုင်ရေး တာဝန်ရှိသူများအားမှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနရှိ သိုလှောင်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက ပစ္စည်းများသိုလှောင်ထားရှိမှုကို လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ် ဝန်ကြီးချုပ်က ပစ္စည်းများပျက်စီးမှုမရှိစေရေး၊ အလေအလွင့်မရှိ စေရေးစနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ တူးဖော်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြကြသည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် စနစ်တကျ စေတနာထားကာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး