ကော့မှူးတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကော့မှူး ဇွန် ၅

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုမျှတကောင်းမွန်စေ‌ရန်ရည်ရွယ်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့်သစ်တောဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော ၂၀၂၆ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပျဉ်းကတိုးကျေးရွာ ပျဉ်းကတိုး-ချောင်းဝရွာချင်းဆက် ကွန်ကရစ်လမ်းဘေး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ တွံ‌တေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်ကပြောကြားရာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းဖြင့် အနာဂတ်ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြေစေရန်၊ စိုက်ရုံတင်မကဘဲ ရှင်သန်ကြီးထွားလာအောင် တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက ဆက်လက်ပြုစုပျိုးထောင်သွားရန် လိုကြောင်းပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းအာကာက သစ်တော သစ်ပင်များအားအကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များမှ‌ ပေးစွမ်းနိုင်သည့်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ရာသီဥတုလျှော့ချရေးတွင် သစ်တောများ၏ အရေးပါပုံများစသည့် သစ်တောများနှင့် ပတ်သက်သော အကြောင်းအရာများအား ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တွံတေးခရိုင် စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန်နွယ်နှင့် အဖွဲ့ဝင်များ၊ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းတို့က စိုက်ပျိုးမည့်မန်ဂျန်ရှားပျိုးပင်(၅၀၀)အား ဌာနဆိုင်ရာများ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊‌ ဆရာ/ဆရာမများ၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများထံ ပျိုးပင်များပေးအပ်ခဲ့ပြီး တာဝန်ရှိသူများကသတ်မှတ်နေရာများတွင် တစ်ပျော်တပါးစိုက်ပျိုးနေကြကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးနေမှုများကို တွံတေးခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန်နွယ်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲ တော်သို့တက်ရောက်လာသူများကို တွံ‌တေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့်အဖွဲ့ဝင်များက မုန့်များပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)