ရန်ကုန် ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ် အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နံနက်(၈)နာရီအချိန်က အောင်ဆန်းဈေးနှင့် ဖော့ကန် ဈေးတို့တွင် တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများက အောင်ဆန်းဈေးနှင့် ဖော့ကန်ဈေးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်အတွက် ဈေးရောင်းချ သူများနှင့် ဈေးဝယ်လာသူများ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ် ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်နေသည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြုမှာကြားခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)