ဆိပ်ကြီးခနောင်တို ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်-ဆိပ်ကြီးခနောင်တို မြို့နယ်သို့ ပြေးဆွဲမောင်းနှင်လျက်ရှိသော စက်တပ်ရေယာဉ်(သမ္ဗန်)လိုင်းများအတွက် အသက်ကယ်အင်္ကျီ(Life Jacket)များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်တက်ရောက်၍ အသက်ကယ်အင်္ကျီ (Life Jacket)များ လှူဒါန်းပေးသည်။
ဦးစွာအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး ဝန်ကြီးက ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရွှေရန်ကုန်စက်တပ် ရေယာဥ်(သမ္ဗန်)လိုင်း၊ ခနောင်တိုလိုင်းနှင့် ချောင်းဝိုင်းလေး စက်တပ်ရေယာဥ်လိုင်း တာဝန်ရှိသူများအား အသက်ကယ်အင်္ကျီ (Life Jacket) များ လှူဒါန်းပေးအပ်ရာ ရေယာဥ်လိုင်းများကိုယ်စား ရွှေရန်ကုန် စက်တပ်ရေယာဥ်လိုင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးက အခမ်းအနား တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူများ၊ စက်တပ်ရေယာဥ်လိုင်း တာဝန်ရှိသူများနှင့် စက်တပ်ရေယာဥ် (သမ္ဗန်) မောင်းနှင်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် စက်တပ်ရေယာဉ်လိုင်း ကြီးကြပ်မှုကော်မတီများ၊ ခရီးသည်တင် ရေယာဉ်လိုင်းများမှ တာဝန်ရှိသူများနှင့် စက်တပ်ရေယာဉ်(သမ္ဗန်)မောင်းနှင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)