မန္တလေး၊ ဇန်နဝါရီ ၂၀
ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေး ၁၀ နှစ် စီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာ နစ် အထိ ကျေးလက်ဒေသအားလုံး သန့်ရှင်းသည့်သောက်သုံးရေရရှိရန်အတွက် ရည်မှန်းချက်ထားဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးပြည်နယ်များ၌ မြို့နယ် ၁၇ ခုတွင် ကျေးလက်ရေရရှိရေး ၁၀ နှစ် စီမံကိန်းကို အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှသိရသည်။
“ရေပေးရေးစီမံကိန်းကို ၂၀၂၁-၂၀၂၂ခုနှစ်ကနေ ၂၀၃၀-၂၀၃၁ခုနှစ်အထိ ဆွဲတဲ့အခါ ပြင်ဆင် ထားမှုတွေက ခါတိုင်းက အထက်ဌာနကနေ ၁၀နှစ်စီမံကိန်းဆွဲဖို့ ဂိုက်လိုင်းပေးတဲ့အဆင့်နဲ့ပဲ ပြီးရင် မြို့နယ်အလိုက် သူ့အမြင်ကိုယ့်အမြင် သူ့ဒေသကိုယ့်ဒေသ ဆွဲကြတယ်၊ အခု အဲဒီလိုမဟုတ်တော့ဘူး၊ တစ်နိုင်ငံလုံးအတွက်ကို မြို့နယ်တစ်မြို့နယ်ကို နမူနာထားပြီး ဆွဲပါတယ်၊ ဆွဲပြီးရင် ရုံးချုပ်ကို တင်ပြတယ်၊ လက်ခံတယ်ဆိုရင် တစ်နိုင်ငံလုံးကို နမူနာဖြန့်ပြီးရင် ကျန်မြို့နယ်တွေအားလုံးကလည်း ညောင်ဦးမြို့နယ်ကဲ့သို့ ၂၀၃၀ ခုနှစ်မှာ သန့်ရှင်းတဲ့သောက်သုံးရေရရှိရေးဖြစ်ဖို့အတွက် ၁၀ နှစ် စီမံကိန်း ဆွဲမှာဖြစ်ပါတယ်၊ ဌာနတစ်ခုတည်းနဲ့ မပြီးပါဘူး၊ ရွာတွေကို ဆင်းတဲ့အခါ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတိုင်း ဟာ ကျေးရွာ တစ်ရွာချင်းစီကိုရောက်အောင်သွားရပါမယ်၊ ဒေတာတွေ ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ၁၀ နှစ် စီမံကိန်းဆွဲ နေပါတယ်၊ ကိုယ့်ရွာကို လာရောက်တဲ့ဝန်ထမ်းတွေကိုအတတ်နိုင်ဆုံးကူညီပေးဖို့နဲ့ ဒေတာအချက်အလက် ကိုလည်း အရှိကို အရှိတိုင်းပြောပေးကြဖို့၊ ဒါမှလည်း ဆွဲတဲ့ ၁၀ နှစ် စီမံကိန်းကလည်း ထိရောက်မှုရှိမယ် လို့ပြောချင်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးစိုးသန်းက ပြောသည်။
တစ်ရွာချင်းစီ၏ လူဦးရေအတိအကျ၊ အိမ်ခြေအတိအကျ၊ တစ်ရွာချင်းစီတွင် အသုံးပြုနေသည့် ရေအရင်းအမြစ်များ၏ အချက်အလက်များကို သိရှိရန်ရန် RWS MIS Application ကို အသုံးပြုပြီး ဒေတာများကောက်ယူနေခြင်းဖြစ်ကာ အဆိုပါစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက် ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အပြီး လုပ်ဆောင်သွားမည်ဖြစ်သည်။
“တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ညောင်ဦးမြို့နယ်ကို Pilot အနေနဲ့ နမူနာဆွဲတဲ့အခါ ကျေးရွာတစ်ရွာချင်းရဲ့ ဒေတာအချက်အလက်ကိုသိဖို့ RWS MIS ကိုအသုံးပြုပြီး တစ်ရွာချင်းစီရှိနေတဲ့ အိမ်ခြေ၊ လူဦးရေနဲ့ အသုံးပြုနေတဲ့ ရေအရင်းအမြစ်ဒေတာတွ ေကောက်ကူပါတယ်၊ ဒေတာကောက်ယူတဲ့ ဝန်ထမ်းဟာ ကျေးရွာရောက်ပြီးတော့ ကျေးရွာမှာရှိတဲ့ဒေတာကို RWS MIS နဲ့ Application မှာ ထည့် ရိုက်လိုက်တာနဲ့ ရုံးချုပ်မှာ ရှိနေတဲ့ ရေပေးဝေရေး sectionကို တိုက်ရိုက်ရောက်သွားပါတယ်၊ ညောင်ဦး မြို့နယ်မှာ တွေ့ရတာက ပြည်ထောင်စုအစိုးရအမည်ပေါက်တဲ့ ကျေးရွာပေါင်း ၂၂၀ ရှိပြီး ၊ တကယ်တမ်း မြေပြင်ကွင်းဆင်းတဲ့အခါ ပြည်ထောင်စုအစိုးရအမည်မပေါက်သော်လည်း ကျေးရွာ အမည်ပေါက်ပြီး ကျေးရွာအဖြစ်တည်ရှိနေတဲ့ရွာ ၈၀ အထိ ထပ်တွေ့ရပါတယ်၊ အဲဒီရွာတွေမှာရှိနေတဲ့ ဒေသခံတွေကိုလည်း သောက်သုံးရေရရှိရေး လုပ်ဆောင်ပေးရမှာဖြစ်တဲ့အတွက် ၁၀နှစ်စီမံကိန်းဆွဲတဲ့အခါ ကျေးရွာပေါင်း ၃၀၀ ကို ဆောင်ရွက်ပေးဖို့တွေ့ရပါတယ်၊ ပထမဆုံးတွေ့ရတဲ့ဒေတာအချက် အလက်မှန်ကန်မှုကို တွေ့ရှိရတာဖြစ်ပါတယ်၊ အဲဒီရွာတွေကို ဒေတာတွေလည်းကောက်ပြီးပြီ စီမံချက်မှာထည့်သွင်းရေး ဆွဲတာပြီးသွားပါပြီ”ဟု မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးစိုးသန်းက ပြောသည်။
ညောင်ဉီးမြို့နယ်ရှိ ကျေးရွာများတွင် အချက်အလက်များကို အတိအကျသိရှိနိုင်ရန်အတွက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ကျေးရွာတိုင်းသို့ မြေပြင်ကွင်းဆင်း သွားရောက်စာရင်းကောက်ယူလျက်ရှိရာ ဒေသခံများအနေဖြင့် အချက်အလက်များကို အရှိကို အရှိအတိုင်းပြောကြားခြင်းဖြင့် ပူးပေါင်းပါဝင်ပေးရန် လိုအပ်ကြောင်း၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်းအားလုံး၏ နမူနာအနေဖြင့် ညောင်ဉီးမြို့နယ်ကို Pilot Project အနေအဖြစ် ရွေးချယ်ကာ (Rural Water Supply Management information System) RWS MIS Application အသုံးပြု၍ ရေပေးဝေရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူခဲ့ပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ သိရသည်။
ထိပ်ထားနိုင်