ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ ရုံးသစ်ဖွင့်

 သာကေတ  ဇွန် ၆

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် (၁)ထူပါရုံရပ်ကွက် ထူပါရုံ(၁၂)လမ်းအနောက်ရှိ  ရုံးသစ်ရှေ့တွင် ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ဖွဲမှူးချုပ် ဦးကျော်မျိုးကြည်၊ တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် ချီကျိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်ခင်တို့မှ ရုံးသစ်အဆောက်အဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့အား အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။

ထို့နောက်  မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကြက်ခြေနီတေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုအခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီးနောက် မြန်မာနိုင်ငံကြက် ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က အလှူရှင်များနှင့် မြိုနယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူများအား ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။

ဆက်လက်၍ ချီကျိဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကျော်ခင်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်တို့မှ ရုံးသစ်အဆောက်အဦနှင့်ပတ်သက်သည့် မှတ်တမ်းများအား သာကေတ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းသို့ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံးသစ်အဆောက်အဦအတွက် လိုအပ်သော ပစ္စည်းများထောက်ပံ့လှူဒါန်းသော အလှူရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)