မုံးကိုး ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပညာသင်ယူနေကြသည့် ကျောင်းသား/သူများ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် စာအုပ်၊ စာပေဖတ်ရှုလိုသော ဒေသခံတိုင်းရင်းသားပြည်သူလူထုများ စာအုပ်၊ စာပေကောင်းများ လွယ်ကူ ချောမွေ့စွာ ရွေးချယ်ဖတ်ရှုနိုင်ရန်အတွက် “ပညာအလင်း” စာကြည့်တိုက်ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်ခန့် က ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ မုံးကိုးမြို့၊ အခြေခံပညာအထက်ကျောင်း၌ ဖွင့်လှစ်သည်။
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်၊ မူဆယ်ခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာသက်သက်စံ၊ မူဆယ်ခရိုင်၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးအယ်လ်စိုးထန်တူး၊ မုံးကိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးစိန်ဝိုင်းတို့က “ပညာအလင်း” စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က “ယခုဖွင့်လှစ်နေတဲ့ “ပညာအလင်း” စာကြည့်တိုက်ကို စာကြည့်တိုက်နာမည်ခံ သက်သက်နဲ့ မထားရှိဘဲ အကျိုးရှိစွာ အသုံးချကြရန်၊ နယ်စပ်ဒေသမှာ ပညာသင်ယူနေကြတဲ့ ကလေးသူငယ်များအနေဖြင့် ကျောင်းစာများ အပြင် အခြားပြင်ပ စာပေဗဟုသုတများကို လေ့လာဖတ်ရှုနိုင်ရန်အတွက် တိုက်တွန်းနှိုးဆော်ရန်၊ ပြင်ပစာဖတ်ဝါသနာပါသူတိုင်းကိုလည်း ဖိတ်ခေါ်၍ စာအုပ်၊ စာပေကောင်းများကို ဖတ်ရှုနိုင်ရန်၊ စာကြည့်တိုက်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုး ကူညီသူများနှင့် အလှူရှင်များကို ကျေးဇူးတင်ရှိကြောင်း၊ “ပညာအလင်း” စာကြည့်တိုက်ကို အနာဂတ် လူငယ်များနှင့် နယ်စပ်ဒေသအတွက် အကျိုးပြုမယ်လို့ မျှော်လင့်ကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး မူဆယ်ခရိုင်၊ ခရိုင်ပညာရေးမှူးက အမှာစကားပြောကြားခြင်းနှင့် ခရိုင်ပြည်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ၊ မူဆယ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ အထက(၁)ကျောင်းမှ ကျောင်းစာကြည့်တိုက်မှူး ဦးမြင့်ဆွေတို့က စာကြည့်တိုက် ရှင်သန်ကြီးကြပ်ထိန်းသိမ်းရေးနှင့် စာဖတ်စွမ်းရည်မြှင့်တင်ရေး (၂)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ စာကြည့်တိုက်၏ အကျိုးပြုပုံ၊ အနက်အဓိပ္ပာယ်နှင့် စာကြည့်တိုက်ရှင်သန်ခိုင်မာရေးတို့ကို ဆွေးနွေးပြောကြားပြီး ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် “ပညာအလင်း” စာကြည့်တိုက်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ရန် ဦးဆောင်စီမံဆောင်ရွက်ပေးသည့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်သည်။ စာကြည့်တိုက်အတွက် အထက(၁)ကျောင်းမှ ကျောင်းစာကြည့်တိုက်မှူးက စာအုပ်၊ စာပေမျိုးစုံတို့ကို ပေးအပ်လှူဒါန်းပြီး မုံးကိုးမြို့၊ အထကကျောင်း၌ တာဝန်ထမ်းဆောင်နေကြသော ကျောင်းဆရာ/မများအတွက် အာဟာရဖြည့်ခေါက်ဆွဲထုတ်နှင့် ကျောင်းသား/သူများအတွက် ကျောပိုးအိတ်တို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)