မိတ္ထီလာ ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ၂ဝ၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီခွဲက ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုတီယိုဂူတာရတ်နှင့် အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး အင်ဂျာအန်ဒါဆန်တို့၏ Video Message များ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေး Video clip နှင့် ၂ဝ၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Clen and Green School ပြိုင်ပွဲဆုရ Video clip များကိုပြသသည်။ ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ခရိုင်အဆင့် စိမ်းလန်းစိုပြည်သောကျောင်း Clen and Green School အထက်တန်းဆင့် ပထမဆုနှင့် မူလတန်း အဆင့် ပထမဆုရရှိသော ကျောင်းများမှ တာဝန်ရှိသူများထံသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်ဦးမောင်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက်ကမ္ဘာ့ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ အသိပညာပေး နံရံကပ်ဘုတ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာမှတ်တမ်း ဓါတ်ပုံများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ