မိုင်းယုမြို့၌ ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် ကျေးရွာအရောက် ဆက်လက်ကွင်းဆင်း အသိပညာပေး

မိုင်းယု      ဇန်နဝါရီ     ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းယုမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများအကြောင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မိုင်းလွေကျေးရွာအုပ်စုနှင့် ဒေါင်နေကျေးရွာရှိ ဘုန်းကြီးကျောင်းတို့တွင် အသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းပညာပေးရာတွင် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် သက်ဆိုင်ရာ အဖွဲ့ဝင်များက ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမ အပတ်တွင် ကြီးကြပ်ရေးအဖွဲ့များကို ရွေးချယ်သွားမည်ဖြစ်ပြီး၊ ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်ရေးမှူးများအား ရွေးချယ်နိုင်ရေးနှင့် ပတ်သက်၍ ထပ်မံအသိပညာပေးခြင်းကို ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ မတ်လ ဒုတိယပတ်အထိ ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်သွားမည်ဖြစ်ရာ မတ်လ တတိယအပတ်တွင် ရွေးချယ်ထားသည့် ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်‌ရေးမှူးများ၏ ကိုယ်ရေးအချက်အလက်များပြုစုခြင်းနှင့် ပြန်လည်စိစစ်ခြင်းများကို ပြုလုပ်‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မတ်လ နောက်ဆုံးအပတ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ(၅)ပါ အရည်အချင်းများနှင့်ပြည့်စုံသည့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အတည်ပြုခန့်ထားပေးမည်ဖြစ်ကြောင်းနှင့် မိုင်းယုမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ အဖွဲ့(၂)ဖွဲ့ခွဲကာ ရွေးချယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသီးသီး အသိပညာပေး ရှင်းလင်းခဲ့ကြရာ တက်ရောက်လာသည့် မိုင်းလွေကျေးရွာအုပ်စုနှင့် ဒေါင်နေကျေးရွာရှိ ပြည်သူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)