ချင်းရွှေဟော် ဇန်နဝါရီ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၆)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၆)ဦးတို့မှာ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ် မြို့နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ(၂)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့နယ်မှ(၁)ဦနှင့် ကွမ်းလုံမြို့နယ်မှ (၂)ဦး တို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၆)ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူနှစ်ဦးနှင့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်မှ နေရပ်ပြန်ပြည်သူတစ်ဦးတို့အား သက်ဆိုင်ရာ မြို့နယ်များမှ တာဝန်ရှိသူများနှင့်ချိတ်ဆက်၍ စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ သုံးဦးတို့အား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့တော်ခန်းမ၊ Quarantine Center တွင် ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)