အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် စေတနာ့ဝန်ထမ်းတစ်ဦးကို ကျန်းမာရေးအာမခံကြေး ထောက်ပံ့ပေးအပ်

ရန်ကုန် ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် စေတနာ့ ဝန်ထမ်းတစ်ဦးကို ကျန်းမာရေး အာမခံကြေး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်ကာလတွင် စေတနာ့ဝန်ထမ်းအဖြစ် မိမိတို့ကျန်းမာရေးကို ပဓာနမထားဘဲ ကူညီ ဆောင်ရွက်ပေးခဲ့သူ စေတနာ့ ဝန်ထမ်းများအတွက် မြို့နယ်ကိုဗစ်ကော်မတီမှ AIA အာမခံကုမ္ပဏီနှင့် ချိတ်ဆက်၍ ကျန်းမာရေးအာမခံ ဆောင်ရွက်ပေးခဲ့ပြီး အင်းစိန်မြို့နယ်အတွက် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေချိန် တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခဲ့ရပြီး ဆေးရုံတက် ကုသမှုခံယူခဲ့ရသည့် စိန်ရတနာ နာရေးကူညီမှု အသင်း(အင်းစိန်)မှ အသင်းသား ကိုကောင်းထက်အား AIA အာမခံကုမ္ပဏီမှ ပေးအပ်သည့် ကျန်းမာရေး အာမခံငွေ(၅)သိန်း(၉)သောင်းကျပ်တိတိကို အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)