ရန်ကုန် ဇန်နဝါရီ ၂၀
သဘာဝဘေးအန္တရာယ် ကျရောက်မှုအား ဘက်ပေါင်းစုံ စီမံခန့်ခွဲရေး သုတေသနစီမံကိန်း၏ ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လူအများ စည်းကားရာ နေရာများဖြစ်သော ဒလသင်္ဘောဆိပ်ကမ်း၊ နာရီစင်၊ ကမာကဆစ် ဈေး၊ ဒလမြို့မဈေးတို့တွင် ခရီးသွား မိဘ ပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ကြသော ပြည်သူများအား ပါးစပ် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေးအတွက် Stop Covid-19 အဝါရောင်ကမ်ပိန်း လူထုလှုပ်ရှားမှုကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် (၆) ဒေါ်သန်းမြင့်အောင်၊ ကော်မတီဝင် (၁၁) ဦးမင်းဟန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန ဒုတိယဌာနမှူး ဦးသန့်ဇင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး အောင်နိုင်ဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာ ထွန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်နှင့် ဝန်ထမ်းများ၊ ပူးပေါင်း ပါဝင်၍ မိဘပြည်သူများအား Stop Covid-19 အဝါရောင် ကမ်ပိန်းပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးသရုပ်ဖော်ခြင်း၊ ပါးစပ် နှာခေါင်းစည်းများနှင့် အသိပညာ ပေး ပိုစတာများ အခမဲ့ပေးဝေခြင်းကို ပြုလုပ်ခဲ့ကြ သည်။
ထို့နောက် တာဝန်ရှိသူများသည် ဒလမြို့လယ်ကောင် နာရီစင်၌ လမ်းသွား လမ်းလာပြည်သူများ၊ ကမာကဆစ် ဈေးနှင့် ဒလ မြို့မဈေးတို့၌ ဈေးရောင်း၊ ဈေးဝယ်ကြသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာနိုင်စေ ရေးအတွက် အသိပညာပေး ပြောကြား ခြင်း နှင့် နှာခေါင်းစည်းများ ပေးဝေခဲ့ကြသည်။
နိုင်လင်းကျော်(ဒလ)