မိုင်းနောင် ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာသန်စွမ်း၍ ရောဂါကင်းဝေးစေရန်နှင့် သန္ဓေသားများ ဖွံ့ဖြိုးစေရန်အတွက် လစဥ် ပုံမှန်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉) နာရီက တိုက်နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှတာဝန်ခံဆရာမ ဒေါ်နန်းမေထားနှင့် ကျန်းမာရေးဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့် တပ်ရင်း၊ တပ်ဖွဲ့များမှကိုယ်ဝန်ဆောင်မိခင်များအားလုံး ကျန်းမာစေရန်နှင့် အဆင်ပြေပြေမွေးဖွားနိုင်ရန်အတွက် ကိုယ်အလေးချိန်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာလသားရောဂါ၊ ခုခံအားကျဆင်းရောဂါ၊ သွေးအားနည်းရောဂါ၊ ဆီးချိုရောဂါ၊ တီဘီရောဂါများရှိ/ မရှိစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားများ၏ ကျန်းမာကြံ့ခိုင်ရေး၊ ခန္ဓာကိုယ်သန်စွမ်းဖွံ့ဖြိုးရေး၊ ဉာဏ်ရည်ကောင်းမွန်သောအနာဂတ် သားကောင်းရတနာများ မွေးဖွားလာစေရေးအတွက် ကိုယ်ဝန်ဆောင်မိခင် (၄၀) ဦးတို့အား မေးခိုင်ကာကွယ်ဆေးနှင့် အခြားလိုအပ်သောကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)