သန်လျင်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အဝါရောင် Campaign ဆောင်ရွက်

သန်လျင် ဇန်နဝါရီ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့  အထွေထွေရောဂါ ကုဆေးရုံကြီးတွင်   ယမန်နေ့နံနက်က  ဆေးရုံအုပ်ကြီး ဒေါက်တာ ချိုချိုလွင် ဦးဆောင်၍ သမားတော်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အဝါရောင် Campaign လှုပ်ရှားမှုအဖြစ် ဆေးရုံတက် လူနာများ၊ လူနာစောင့်များ၊ ပြင်ပလူနာဌာနသို့ လာရောက်ပြသကြသူများ၊ ကယ်ရီများနှင့် ဈေးသည်များအား နှာခေါင်းစည်းများဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များ၊ လက်ဆေးကန်များ၌ စနစ်တကျလက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရန်၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန် အသိပညာ ပေးခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။         

အလားတူ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ကိုထွန်းနှင့် ကော်မတီဝင်များသည် သန်လျင် မြို့နယ် အတွင်းရှိ မြို့မဈေး၊ ဘုရားကုန်းဈေး၊ ထားမလုံဈေး၊ ကညင်ပင်ဈေးနှင့် အောင်ချမ်းသာ ဈေးများသို့ သွားရောက်၍ ကိုဗစ်ကာကွယ်ရေး နှာခေါင်းစည်းများ တပ်ဆင် ထားခြင်း ရှိ/မရှိကို အဖွဲ့များခွဲကာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)