မိုင်းဆတ် ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့် MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
ထို့နောက် MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းဟန်က အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့ လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် MCCT လုပ်ငန်းစဉ်များအကြောင်းကို လည်းကောင်း၊ မိုင်းဆတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ လူမှုဝန်ထမ်း-၃ ဦးစိုင်းဖုန်းမှ MCCT အစီအစဉ် ထောက်ပံ့ခြင်းနှင့် အကျိုးခံစားခွင့်လျှောက်ထားရာ၌ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လိုအပ်သောအချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါ်နန်းဝိုငင်းက အာဟာရအကြောင်းကိုလည်းကောင်း၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ဒုတိယမြို့နယ်မန်နေဂျာ ဒေါ်သန္တာရင်က MCCT ထောက်ပံ့ငွေ
ထောက်ပံ့ခြင်းအားလည်းကောင်း စသည်ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ MCCT အာဟာရအသိပညာပေးသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းဟန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုဝန်ထမ်းဦးဌာနမှဝန်ထမ်းများ၊ မူကြိုဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)