ကျောက်မဲမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စနစ်တကျ ထုတ်ချေးပေးလျက်ရှိ

ကျောက်မဲ ဇွန် ၅

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရပ်ကွက်(၁)ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲ၌ တောင်သူများအား ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဘဏ်ခွဲ၌ ကျင်းပသည်။

​ချေးငွေပေးအပ်ပွဲတွင် ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝင်းနှင့် ဦးသန်းထိုက်ဇော်တို့က မိုင်းတင်းကျေးရွာအုပ်စု၊ မိုင်းတင်းကျေးရွာမှ တောင်သူအချို့အား စိုက်ပျိုးစရိတ်ချေးငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။ ထို့နောက် ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဘဏ်ဝန်ထမ်းများက တောင်သူများအား စနစ်တကျ စိစစ်ထုတ်ချေးပေးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

​ကျောက်မဲမြို့နယ်အတွင်းရှိ တောင်သူများထံ ချေးငွေထုတ်ချေးပေးရာတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ မိုင်းတင်းကျေးရွာမှ တောင်သူ ၄၈ ဦးအား စနစ်တကျစိစစ်ကာ စပါးစိုက်ပျိုးမည့် ၁၀၀ ဧကအတွက် တစ်ဧကလျှင် ၃၀၀,၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၃၀၀ ကိုလည်းကောင်း၊ အခြားသီးနှံစိုက်ပျိုးမည့် ၃၆ ဧကအတွက် တစ်ဧကလျှင် ၂၅၀,၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၉၀ ကိုလည်းကောင်း၊ စုစုပေါင်းချေးငွေ ကျပ်သိန်း ၃၉၀ အား တောင်သူများလက်ဝယ်အရောက် နေ့ခြင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

​ကျောက်မဲမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျေးရွာ ၂၂ အုပ်စုသို့ ငွေကျပ် ၂၆,၃၈၁.၅၀ သိန်း ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုအသီးသီးမှ တောင်သူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ သိရသည်။

​ခရိုင်ပြန်/ဆက်