မိုးကောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်း ဆွေးနွေး

မိုးကောင်း  ဇန်နဝါရီ  ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့် ရှင်းလင်း ဆွေးနွေးပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က အမှာစကား ပြောကြား၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရွေးချယ်ခန့်ထားရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြီး မြို့နယ် ဥပဒေအရာရှိက ဥပဒေပိုင်းဆိုင်ရာ နှင့်ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးခဲ့သည်။

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်သည့် လုပ်ငန်းစဉ်ကို မတ်လကုန်အပြီး ရွေးချယ်၍ ဧပြီလ ပထမပတ်တွင် စတင်ခန့်အပ် တာဝန်ပေးမည်ဖြစ်ကြောင်း၊ မိုးကောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၆)အုပ်စုရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)