မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်/မြို့ထွက်ဂိတ်တွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်

မိုင်းတုံ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့ညနေ (၆)နာရီအထိ ဖြတ်သန်းသွားလာသော ကား (၁၄၁)စီးမှ ခရီးသွားပြည်သူ (၂၀၉)ဦးတို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးခြင်း၊ Test Kit ဖြင့်စစ်‌ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များစစ်ဆေး၍ မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေး ထောက်ခံချက် ပါ/မပါစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နေ့စဉ်နံနက် (၆)နာရီမှ ည(၉)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဝင်းဝင်းခိုင် (ပြန်/ဆက်)