ကွမ်းခြံကုန်း ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟို ခန်းမ တွင် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီနှင့် ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ တွေ့ဆုံ၍ စာကြည့်တိုက် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီ အတွင်း ရေးမှူး မြို့နယ်ဦးစီးမှူး ဒေါ်နန့်ဆွေနွယ်ဦးမှ မြို့နယ်အတွင်း ဖွင့်လှစ်ထားသော စာကြည့်တိုက် ၂၃ တိုက်အား ယင်း စာကြည့်တိုက် များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ပါဝင်စားသော ကော်မတီများ ပြန်လည်ဖွဲ့စည်းရေး၊ စာကြည့်တိုက်များ မှတ်ပုံတင်ရေး နှင့် ပြီးစီးမှုစာရင်းကို ပြည့်စုံစွာ ဖြည့်စွက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက် မှတ်ပုံတင် လျှောက်လွှာနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းမြင့် (စာရေးဆရာ သန်းမြင့်သန်း၊ ကွမ်းခြံကုန်း) မှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် မြို့နယ်နှင့် ကျေးရွာကော်မတီတို့ ပူးပေါင်း၍ အလေးထား ဆောင်ရွက်ရမည့် အချက်များအား ပြောကြား ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများမှ မရှင်းလင်းသည် များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ သည်။ စာကြည့်တိုက် ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များနှင့် ကျေးရွာ စာကြည့်တိုက် ကော်မတီဝင် (၂၃)ဦး တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)