မြစ်ကြီးနား ဇွန် ၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ(မြစ်ကြီးနား) ၏ သူနာပြု-သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ် နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သူနာပြုသိပ္ပံ(မြစ်ကြီးနား)၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒီကနေ့ ကျင်းပတဲ့အခမ်းအနားကတော့ ၂၀၂၆ ပညာသင်နှစ်အတွက် သူနာပြုသိပ္ပံ(မြစ်ကြီးနား)တွင် ဖွင့်လှစ်သည့် သူနာပြု-သားဖွားဒီပလိုမာ ၃ နှစ် သင်တန်းတွင် တက်ရောက်ခွင့်ရရှိခဲ့ကြသည့် ပထမနှစ်သင်တန်း သား/သင်တန်းသူ(၄၉)ဦးတို့အား သူနာပြု များ၏ အဆောင်အယောင်ဖြစ်သော ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းသွားမည်ဖြစ်သည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သူနာပြုအတတ်ပညာများကို အမှန်တကယ် ကျွမ်းကျင်၍ အရည်အသွေးပြည့်ဝသော သူနာပြုကောင်းများဖြစ်လာအောင် ကျင့်ဝတ်များ နှင့်အညီ ထိမ်းသိမ်းစောင့်ရှောက်တတ်အောင် ကြိုးစားသင်ယူကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြား ခဲ့သည်။
ထို့နောက် သူနာပြုသိပ္ပံ (မြစ်ကြီးနား)မှ ကျောင်းအုပ်ဆရာမကြီးက သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ၂၀၂၆ ပညာသင်နှစ်အတွက် သူနာပြု သင်တန်းတက်ရောက်ရန် အခြေခံအရည်အချင်းစစ် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သူနာပြု-သားဖွား ဒီပလိုမာ ပထမနှစ် သင်တန်းသား/ သင်တန်းသူ (၄၉)ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများ အသီးသီးအပ်နှင်းခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများက သူနာပြုသစ္စာအဓိဌာန်များရွတ်ဆိုခြင်းနှင့် ဂရုဏာအလင်းသီးချင်းအား ဂုဏ်ယူစွာသီဆိုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုသင်တန်းတက်ရောက်ရန်အတွက် အခြေခံအရည် အချင်းစစ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ပထမ၊ ဒုတိယ၊ တတိယဆုရ သင်တန်းသား/ သင်တန်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ရာ ထူးချွန်သင် တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သူနာပြုသိပ္ပံ(မြစ်ကြီးနား)အနေဖြင့် ယခင်က သူနာပြုသင်တန်းကျောင်းအဖြစ်ရှိခဲ့ရာမှ ယခုပညာသင်နှစ် ဧပြီလမှ စ၍ သူနာပြုသိပ္ပံ (မြစ်ကြီးနား)အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ဒေသတွင်းရှိ လူငယ်/ မောင်မယ်များအား သူနာပြု-ဒီပလိုမာရရှိသူများအဖြစ် စနစ်တကျ လေ့ကျင့် မွေးထုတ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိ သူနာပြုပေါင်း (၁၆၂၈)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန့်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ ဦးမော်ရာဟူးခြံအတွင်း ယာယီတိမ်းရှောင် ခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ် သာဂရကျေးရွာမှ ယာယီတိမ်းရှောင် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယာယီတိမ်းရှောင်စခန်းမှ အိမ်ထောင်စု (၃၄၁)စုတို့အတွက် ဆန် (၂၄)ပြည်ပါ (၃၄၁) အိတ်နှင့် ဆီ(၃၄၁) ပိဿာကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ယာယီတိမ်းရှောင်စခန်းမှ တာဝန်ခံက စခန်းရှိ အိမ်ထောင်စုများ၏ လိုအပ်ချက် များကိုတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စခန်းနေမိသားစုများ အတွက် မိုးကာနှင့် ဝါးများဝယ်ယူနိုင်ရေးအတွက် ငွေကျပ် (၈၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကာ မိသားစုများ အနေဖြင့် စိတ်ပျက်အားငယ်မှုမရှိကြရန်၊ မိုးရာသီရောက်ရှိပြီဖြစ်သဖြင့် ကျန်းမာရေးအထူးဂရုစိုက် နေထိုင် ကြရန်နှင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးခြင်းဖြင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)