ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တံတား ဇန်နဝါရီ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်အေးအေးလွင်က တံတားမြို့ ရပ်ကွက်၊ ကျေးရွာများရှိ စာကြည့်တိုက်များ၏ မြေပြင်ရှိအခြေအနေများ၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာကြည့်တိုက်မှတ်ပုံတင် လျှောက်ထားရမည့် ပုံစံများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ်ရှင်းလင်း ပြောကြား ခဲ့ပြီး မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များ အား အသီးသီး ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တံတားမြို့ရှိ ရပ်ကွက်(၄)ခုနှင့် ကျေးရွာ(၁၄)ရွာတွင် စာကြည့်တိုက်(၁၁)တိုက်ရှိပြီး မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ လက်တွေ့ ကွင်းဆင်းကြည့်ရှု၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တင်နိုင်ဝင်း(တံတား)