မိုင်းနောင် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လည် (၂)နာရီအချိန်ခန့် က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း က မိုင်းနောင်မြို့အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များကို မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ထပ်ဆင့်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်များနှင့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့်အရည်အချင်းများ၊ အခြေခံရမည့် အိမ်ထောင်စု စာရင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပုံအဆင့်ဆင့်တို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များ အား မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းနောင် (ပြန်/ဆက်)