ကချင်ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ စိုက်ပျိုးမွေးမြူရေးဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဒေသခံ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဇွန် ၄

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ‌ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်အနေဖြင့် ‌အသေးစား၊ အငယ်စား MSME စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက် အားပေးကူညီလျက်ရှိသည့်အပြင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို မိမိတို့ဒေသအတွက် ဖူလုံမှုရှိစေရုံသာမက အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြှင့် ထုတ်ကုန်များကို တိုးမြှင့်ထုတ် လုပ်နိုင်ရေးနှင့် စျေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ‌ရောက်ရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးစေလိုသည်များကို ပွင့်လင်းစွာဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသော အသေးစားနှင့်အလတ်စား စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များမှ လုပ်ငန်းလုပ်ကိုင်လည်ပတ်လျက်ရှိသည့် အခြေအနေများ၊ စျေးကွက်ရရှိမှုအခြေအနေများ၊ ကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းနှင့် နိုင်ငံတကာကုန်စည်ပြပွဲနှင့် ပြိုင်ပွဲများသို့ သွားရောက်ပြသခဲ့သည့် အတွေ့အကြုံများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးက ထုတ်ကုန်များ တိုးချဲ့ထုတ် လုပ်နိုင်ရေးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ရုံးဝင်းအတွင်း ခင်းကျင်းပြသထားရှိသော ဒေသခံလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ဖြစ်သည့် ဆပ်ပြာဆီ၊ ဆပ်ပြာခဲလူသုံးကုန်ပစ္စည်း ထုတ်ကုန်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသားခြောက်များ၊ ပူတာအိုဒေသထွက် ရှီးပဒီးနှင့် ပျားရည်များစသည့် စားသောက်ကုန်များ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)