မိုင်းဆတ်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းအဆိုပြုလျာထားချက် အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းဆတ်  ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်း လျာထား အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က နှစ်စဉ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စာရင်းဇယားနှင့် ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်မှုရှိစေရန် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိုင်းဆတ်ခရိုင်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း စီမံကိန်းအဆိုပြုချက်များကို သက်ဆိုင်ရာဌာန အလိုက် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ကြိုတင်ညှိနှိုင်းရေးဆွဲ၍ အထက်ဌာနဆင့်ဆင့်သို့တင်ပြထားပြီး ဖြစ်ကြောင်း၊ အဆိုပြုထားသည့် စာရင်းဇယားအချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ၊ အများပြည်သူအတွက် လိုအပ်မှု ရှိ/မရှိတို့ကိုစိစစ်၍ စီမံကိန်းနှင့်ဒေသန္တရစီမံကိန်းပေါင်းစပ်လျာထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် လက်ရှိအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်အဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်စီမံကိန်း ဦးစီးမှူး ဦးသက်ခိုင် က မိုင်းဆတ်ခရိုင်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များကို ရှင်းလင်းတင်ပြပြီး ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လမ်း၊ တံတား၊ အဆောက်အဦ၊ ရေရရှိရေး၊ ဆိုလာမီးလင်းရေး၊ လျှပ်စစ်မီးတိုင်၊ မီးကြိုးနှင့်ထရန်စဖော်မာများ အသစ်လှဲလှယ်တပ်ဆင်လုပ်ငန်း အဆိုပြုလျာထားချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယနှင့် ဦးအောင်ကျော်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောမူးလာနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

မိုင်းဆတ်ခရိုင်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအရေအတွက် (၂၂၅)ခုနှင့် လုပ်ငန်းတန်ဖိုးကျပ် (၂၄၉၀၁.၁၀၃)သန်းရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း အရေအတွက် (၅၆၁)ခုနှင့် လုပ်ငန်းတန်ဖိုးကျပ် (၆၁၆၇၇.၃၁၅)သန်း ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)