ချောင်းဆုံမြို့နယ်၌ ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ချောင်းဆုံ ဇွန် ၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး ကျန်းမာရေးအဆင့်မြင့်ကျောင်းများ ဖြစ်ပေါ်စေရေးအတွက် မြို့နယ်ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကုသရေး/ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာသူဇာဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းနည်းပြ (၄)ဦးတို့မှ ကျန်းမာရေးဝန်ထမ်းသင်တန်းသား (၂၅) ဦးနှင့် ပညာရေးဝန်ထမ်း (၁၇) ဦး စုစုပေါင်း သင်တန်းသား (၄၂) ဦးတို့အား ဇွန်လ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ၃ ရက်ကြား သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)