တာလေ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ပျိုးထောင်ရန် မလိုအပ်ပဲ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချခြင်း တောင်သူဖိတ်ခေါ်ကွင်း လက်တွေ့ သရုပ်ပြသခြင်းအား ယမန်နေ့က နားယောင်းကျေးရွာအုပ်စု အတွင်းရှိ တောင်သူ ဒေါ်နာခူ၏ လယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် “ဒေသခံတောင်သူများအနေဖြင့် စပါးစိုက်ရာသီတွင် ပျိုးထောင်စရိတ်၊ ကောက်စိုက် စရိတ် ကုန်ကျမှုကို လျှော့ချနိုင်ရန်နှင့် ဒေသတွင်းမိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် တောင်သူများ စပါးစိုက်ပျိုး ထုတ်လုပ်မှု လျော့နည်းကျဆင်းမှုမရှိစေရေး၊ စိုက်ပျိုးချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် လုပ်သားရှားပါးမှု အခက်အခဲများကို ကျော်လွှားနိုင်စေရန်၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းကို တောင်သူများကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံး လာစေရန်ရည်ရွယ်၍ တိုက်ရိုက်အစေ့ချ ကွင်းလက်တွေ့သရုပ်ပြသပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း” နှင့် တောင်သူ (၃၀)ဦးခန့်အားခေါ်ယူပြီး လုပ်သားဖြင့်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း၏ အားသာ ချက် အားနည်းချက်များကို အကျယ်တဝင့်ရှင်းလင်းခဲ့ကြောင်း တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်း ထံမှ သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)