မြင်းခြံမီးသတ်ဦးစီးဌာနသို့ "စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်း"မှ ဒီဇယ်ဆီများ လှူဒါန်း

မြင်းခြံ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် အရံစက်သုံးဆီအဖြစ် အသုံးပြုရန် မြင်းခြံမီးသတ်ဦးစီးဌာနသို့ "စက်သုံးဆီဖြန့်ဖြူးရောင်းချ သူများအသင်း"မှ ဒီဇယ်ဆီများလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြင်းခြံ ခရိုင် မီးသတ် ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

မြင်းခြံခရိုင် မီးသတ်ဦးစီးဌာနနှင့် မြင်းခြံမြို့နယ် မီးသတ်ဦးစီးဌာနတို့အတွက် ဒီဇယ်ဆီ (၃၃၀) ဂါလံနှင့် မြင်းခြံမြို့ စခန်း(၃) အတွက် ဒီဇယ်ဂါလံ (၄၅) ဂါလံ စုစုပေါင်း (၃၇၅) ဂါလံအား မြင်းခြံမြို့ "စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်း" ဥက္ကဋ္ဌ ဦးမြင့်ဟန်က ပေးအပ်ခဲ့ရာ ခရိုင် မီးသတ် ဦးစီးမှူး ဦးအောင်သက်လှိုင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်တို့က လက်ခံရယူခဲ့ပြီး မြင်းခြံမြို့ "စက်သုံးဆီဖြန့်ဖြူးရောင်းချ သူများ အသင်း"အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန် လည်ပေးအပ်ခဲ့ကြသည်။

"ကျွန်တော်တို့ မြင်းခြံ "စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်း" မဖွဲ့စည်းမီ ၂၀၁၂ ခုနှစ်ကနေ စက်သုံးဆီဖြန့်ဖြူးရောင်းချတဲ့ ဆိုင် (၄) ဆိုင် ပေါင်းပြီး နှစ်စဉ်နှစ်တိုင်း (၄) ကြိမ်ထိ လှူ ဒါန်းခဲ့ပါတယ်၊ "စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်း" ကို ၂၀၁၆ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင်(၂၅)ဆိုင်မှ တစ်ဆိုင်လျှင် ဒီဇယ်ဆီ (၁၅) ဂါလံနှုန်းဖြင့် နှစ်စဉ်လှူဒါန်းခဲ့ပြီး ယခု(၆)ကြိမ် မြောက်လှူဒါန်းခြင်းဖြစ်ကြောင်း" မြင်းခြံမြို့ "စက်သုံးဆီ ဖြန့်ဖြူးရောင်းချသူများအသင်း"ဥက္ကဋ္ဌဦးမြင့်ဟန်ကပြောသည်။                                                                 

ကျော်စွာ(မြင်းခြံ)