ဒဂုံတောင် ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် လူရည်ချွန်ကျောင်းသူဂုဏ်ပြုပွဲနှင့် သုံးမွှာပူးကျောင်းသူများအား အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက (၇၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးယုက ဂုဏ်ပြုအမှာစကားများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမြင့်အောင်က ဂုဏ်ပြုစကားနှင့် မြို့နယ်အတွင်းဆောင်ရွက်ဆဲ လုပ်ငန်းများကို ချပြရှင်းလင်းဆွေးနွေးပြီး (၇၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက လူရည်ချွန်ကျောင်းသူ မနဒီရွှေလွှာအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး သုံးမွှာပူးကျောင်းသူလေးများအတွက် မိခင်ဖြစ်သူအား အလှူငွေများပေးအပ်ခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများကလည်း အလှူငွေနှင့် ဗလာစာအုပ်၊ ခဲတံ၊ ဆန်၊အဝတ်အထည်များ အသီးသီးလှူဒါန်း ပေးအပ်ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြ ကြောင်း သတင်း ရရှိသည်။
နေမျိုးအောင်