ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်ရေးဆိုင်ရာ  ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်း

ပြည်ကြီးတံခွန်   ဇန်နဝါရီ ၁၉

            မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေများ၊ နည်းဥပဒေများအား ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီ က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

            ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူးဦးလရော်က ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားရာ တက်ရောက် လာသူများ မှ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး မှ ဦးစီးအရာရှိ ဦးမျိုးခိုင် က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အချက်အလက်ပြည့်စုံမှန်ကန်စေရေး အိမ်ထောင်စုလူဦးရေ စာရင်း ဆောင်ရွက်ပေးနေမှု အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်(၁၈)ရပ်ကွက်ရှိပြီး လက်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ(၃၁) တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်များကို ၂၀၂၁ ခုနှစ် ဧပြီ (၁)ရက်တွင်  ရွေးချယ်ခန့်အပ်သွားမည်ဖြစ်သည်။အဆိုပါ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေများ၊ နည်းဥပဒေများ ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး တာဝန်ရှိသူများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)