မြစ်သား ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးခြင်း လုပ်ငန်း စဉ်များ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ညနေ(၃)နာရီက ရှမ်းပွဲရပ်ကွက်ရှိ လုပ်အားကြေးမုံခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်က အဖွင့်အမှာစကားပြောကြား ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်အုန်းကြည်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းတို့က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျရွေးချယ် နိုင်ရေးနှင့်လိုအပ်သည်များ အသီးသီးအမှာစကားပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များနှင့်ဥပဒေ၊ နည်းဥပဒေများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ၊ အခြေခံရမည့်အိမ်ထောင်စုစာရင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
မြမြမွန်(ပြန်/ဆက်)