မန္တလေး ဇန်နဝါရီ ၁၉
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း ကို ယနေ့နံနက် ၉ နာရီက အဆိုပါရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးသုံးစွဲရာတွင်လိုက်နာရမည့်အချက်များ၊ မီးချိတ်မီးကတ်များ၊ သဲပုံးရေပုံးများစနစ်တကျထားရှိရန်၊ မီးသတ်တပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည့် ကြေညာချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် မီးလောင်မှု ဖြစ်ပွားပါက ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ပြည်သူများသိရှိရန်အတွက် ရပ်ကွက်အတွင်းလှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၌မီးသုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျ ဆောင်ရွက်ကြစေရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ကြသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၄)မှ တပ်ခွဲမှူးကျော်ဝင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မျိုးမင်းနှင့် ရာအိမ်မှူးများက စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇော်လင်းဦး(အောင်စံ)