ပုဗ္ဗသီရိ ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဒေါ်ရီဝါဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ အတော်မတရားပြုမှုခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများမှ ကာကွယ်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရန်တို့အတွက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ် စီမံခန့်ခွဲခြင်း စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ရတနာ့ မေတ္တာအဖွဲ့ မြို့နယ်တာဝန်ခံဒေါ်စိုးသန္တာလှိုင်က ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည့် ညွှန်းပို့ချိတ်ဆက်ခြင်းကွန်ရက် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေး ခဲ့ကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)