မြောက်ဥက္ကလာမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်းရှိ ကုက္ကိုင်ပင် မိုးကြိုးထိမှန်ရာ အပင်အနီးရှိ ဆရာမတစ်ဦးနှင့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မြောက်ဥက္ကလာပ   ‌‌‌‌‌‌‌‌ဇွန်   ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ယမန်နေ့နေ့လယ် ၂ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း ခြံ၀င်းအတွင်းရှိ ကုက္ကိုင်ပင်အား မိုးကြိုးထိမှန်ခဲ့ရာမှ သစ်ပင်အနီးရှိ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်(၅)ရပ်ကွက်၊ ဓမ္မသုခလမ်းရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်း၀န်း ၀င်/ထွက်ပေါက် တံခါးအနီးရှိ ကုက္ကိုင်ပင်အား မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်ပြီး ကုက္ကိုင်ပင်အနီးတွင် ကျောင်းဆင်းချိန်စောင့်ဆိုင်း နေသော ဆရာမဒေါ်ဖြိုးဇာဇာ၊ Grade -1 ကျောင်းသား မောင်အောင်ဘုန်းခန့်နှင့် မောင်အောင်ဖြိုးမြတ်တို့ သုံးဦးမှာ မိုးကြိုးဒဏ်ခံခဲ့ရခြင်းဖြစ်ကာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး( ပြန်/ဆက်)