ပုဂံ-ညောင်ဦးဒေသ သောက်သုံးရေအခက်ကြုံနေသည့်ကျေးရွာများသို့ သောက်သုံးရေဂါလံ ၁၅၆၀၀ ကျော် လှူဒါန်း

ပုဂံ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေအခက်ကြုံတွေ့နေရသည့် ကျေးရွာများသို့ သောက်သုံးရေဂါလံ ၁၅၆၀၀ ကျော်ကို မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ယနေ့ဇန်နဝါရီလ ၁၉ ရက်နေ့၌ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရ သည်။

မြို့နယ်အတွင်းသောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာပါက ရေအလှူရှင်များ၏ လှူဒါန်းငွေဖြင့် သောက်သုံးရေများသွားရောက် လှူဒါန်းလျက်ရှိရာ သောက်သုံးရေများအခက်ကြုံနေရသည့် ပုဂံ-ညောင်ဦး မြို့နယ်၊ ရွာလုကျေးရွာ၊ ချောင်းမီသာတဲတိုက်၊ ညောင်တိုတဲတိုက်၊ တာလန်းကန်တဲတိုက်နှင့် ပွင့်လင်းတဲတိုက်နေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက်  ရေဂါလံ ၁၅၆၀၀ ကျော် သွားရောက်လှူဒါန်းပြီး အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေပေးခဲ့ကြောင်းသိရသည်။

မိုးနဲရပ်ဝန်းဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံ-ညောင်ဦး ဒေသရှိ ကျေးလက်နေပြည်သူ အများစုသည် နွေရာသီမတိုင်မီ ယခုဆောင်းရာသီကာလမှာပင် သောက်သုံးအခက်ကြုံနေရပြီဖြစ်ပြီး သောက်သုံးရေ အလှူရှင်များနှင့် ပရဟိတအသင်းများကို အားထားနေကြရကြောင်း၊ သောက်သုံးရေများကို ပုဂံ-ညောင်ဦး မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်သည့် ကျေးရွာများမှ ချိတ်ဆက်အကူအညီ တောင်းခံလာပါက ကျေးရွာများအရောက် ပေးပို့လှူဒါန်းပေးလျက်ရှိကြောင်း၊ သောက်သုံးရေ လှူဒါန်းလိုသူများအနေဖြင့် မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်း ၀၉-၄၀၂-၇၇၄-၃၉၆  သို့ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အဆိုပါပရဟိတအသင်းမှ ဦးအောင်ငြိမ်းထံမှ သိရသည်။

ဖေလိန်း(ပုဂံ)