တောင်ကြီး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ “ဝ” အထူးဒေသ၊ မိုင်းပျဲန်မြို့၊ စီးကရက် စက်ရုံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး စီးကရက် စက်ရုံ ပိတ်သိမ်းသဖြင့် စက်ရုံမှမော်တော်ယာဉ်ဖြင့် ထန်မွန်းကျေးရွာအနီး လာရောက်ပို့ဆောင်သည့် နေရပ်ပြန် ကျား(၉၂)ဦး၊ မ(၅၉)ဦး၊ စုစုပေါင်း (၁၅၁)ဦးအား မိုင်းလား မိုင်းယန်းနယ်စပ်ဒေသတွင် လွှဲပြောင်း၊ လက်ခံရေးအဖွဲ့မှ စနစ်တကျ ကျန်းမာရေးစစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရသဖြင့် မော်တော်ယာဉ်ကား ၃ စီး ဖြင့် မိုင်းယန်းမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ရောက်ရှိပြီး လွှဲပြောင်း၊လက်ခံရေးအဖွဲ့မှ စနစ်တကျ လွှဲပြောင်း လက်ခံဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ခြင်းကို တောင်ကြီးမြို့ T B C ကားကြီးကွင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ နေရပ်ပြန်များကို တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ရေး ကော်မတီ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ယာဉ်ထိန်းရဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မော်တော်ယာဉ်လိုင်း အသင်းဝင်တို့က နေရပ်ပြန် ပြည်သူများကို ပါးပစ်နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးခြင်း များအား ဆောင်ရွက်ခဲ့ပြီး ဒေသ အသီသီးသို့ မော်တော်ယာဉ် ၅ စီး ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။
ယခုဝင်ရောက်လာသည့် နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမားများမှာ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမားများဖြစ်ပြီး ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများကို ဒေသ အသီးသီး အလိုက် မော်တော်ယာဉ် ၅ စီးဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော် (တောင်ကြီး)