ညောင်ပင်သာ-အင်းကုန်းကျေးရွာချင်းဆက်လမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

မိတ္ထီလာ ဇန်နဝါရီ ၁၉

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ညောင်ပင်သာ-အင်းကုန်းကျေးရွာချင်းဆက် လမ်းအား ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ လမ်းဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

         မိတ္ထီလာမြို့နယ် ကြွယ်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ မှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလျက်ရှိသော ညောင်ပင်သာ-အင်းကုန်းကျေးရွာချင်းဆက်လမ်းအား ကျီတိုင်ကုန်းကျောင်း ဆရာတော် ဦးဝိမလနှင့် သက္ကယ်ကျင်းကျောင်းဆရာတော် ဦးဇောတိကတို့က ဦးဆောင်ပြီး ညောင်ပင်သာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေ ခန့်မှန်းတန်ဖိုး ကျပ် သိန်း ၁၀၀ ကျော်ဖြင့် အရှည် ပေ ၆၅၀၊ အကျယ် ၁၅ ပေရှိ ညောင်ပင်သာ-အင်းကုန်း ကျေးရွာချင်းဆက်လမ်းအား  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၀ပြည့်နှစ်  ဒီဇင်ဘာလ  ၃၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းလမ်းဖြစ်မြောက်ရေးကော်မတီဝင် ဦးဇော်လင်းအောင်ထံ မှ သိရသည်။

        အဆိုပါလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကြွယ်ကန်၊ အင်းကုန်း၊ ညောင်ပင်သာ(တ/မ)၊ သက္ကယ်ကျင်း၊ မြင်းတဲ(တ/မ) ၊ သပြေပင်၊ ဒီဒုတ်ကုန်း၊ ကွေ့ကြီးကျေးရွာမှ ဒေသခံပြည်သူများ ရာသီမရွေး အခက်အခဲမရှိ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)