မော်လမြိုင် ဇွန် ၂
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ယမန်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ စာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ခဲ့ပြီး ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက် ပညာသင်ယူနေမှုအပေါ် ကြည့်ရှုအားပေးကာ ကျောင်းသူ ကျောင်းသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန်နှင့် ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးကြရန်၊ အခြေခံပညာကို ဆုံးခန်းတိုင်ပြီးမြောက်အောင် သင်ယူနိုင်ရေး၊ ပညာသင်ကြားရန်ခက်ခဲသော ကလေးများကို ပစ်ပယ်မထားဘဲ ပညာဆုံးခန်းတိုင် သင်ယူနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြား၍ စာသင်ခန်းအတွင်း၌ စာသင်ခုံများ စနစ်တကျနေရာချထားခြင်း၊ ဘာသာရပ်အလိုက် စာသင်ချိန်ဇယားများ စနစ်တကျစီမံထားခြင်း၊ ကျောင်းတက်၊ ကျောင်းဆင်းအချိန်စာရင်းများ အသိပေးကြေညာထားခြင်းတို့အား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်တွက် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစတင်၍ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၃၂၆၉၇၄) ဦး အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေနှင့်ပတ်သတ်တဲ့ကိစ္စရပ်တွေကို စီမံခန့်ခွဲဆောင်ရွက်နိုင်ဖို့အတွက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေနဲ့ နိုင်ငံတော်မှချမှတ်ထားသော မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မိမိတို့ရဲ့ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဂဃနဏသိရှိနားလည်ပါက လယ်ယာမြေနှင့်ပတ်သက်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိထိရောက်ရောက် ကြီးကြပ်စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်းနှင့် လယ်ယာမြေအား အသုံးချမှုများကို စနစ်တကျ ဆောင်ရွက်စေနိုင်မည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးပံသုကျော်မှ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)