သီပေါ ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ ပညာရေးဌာနရှိ အသင်းဝင်ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းများအတွက် ပလပ်စတစ်ထိုင်ခုံလှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က ပညာသင်ထောက်ပံ့ကြေးပေးရာတွင် အသင်းဝင်သားသမီးများအားလုံးကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယနေ့တွင် ပညာရေးဌာနမှ ဝန်ထမ်း သားသမီးများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ အခြားဌာနဆိုင်ရာများမှ အသင်းဝင် ဝန်ထမ်းသားသမီးများအတွက်လည်း ဇွန်လဒုတိယပတ်အတွင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရာတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀)၊ အလယ်တန်းအဆင့်အတွက် ငွေကျပ် (၁၂၀၀၀)၊ အထက်တန်းအဆင့်အတွက် ငွေကျပ် (၁၅၀၀၀) နှင့် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတစ်ဦးလျှင်ငွေကျပ်(၄၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ပညာရေးဌာနမှ အသင်းဝင်ဝန်ထမ်းသားသမီးများအတွက် ပညာသင် ထောက်ပံ့ကြေးငွေကျပ်သိန်း(၇၀)နှင့် အခြေခံပညာကျောင်းများအတွက် ပလတ်စတစ် ထိုင်ခုံ အလုံး (၁၀၀) အားလှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်းစသည်ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်ကိုယ်စား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက ပညာရေးဌာနမှ အသင်းဝင် ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေး ငွေကျပ်သိန်း (၇၀) နှင့် အခြေခံပညာကျောင်းများအတွက် ပလပ်စတစ်ထိုင်ခုံ အလုံး (၁၀၀) တို့ကို ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်မာက လက်ခံရယူပြီး မြိုနယ်ပညာရေးမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင် လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)