ကျပ်သန်း(၁၀၀) အထက်လုပ်ငန်းစီမံကိန်းများအတွက် တင်ဒါအောင်မြင်သည့် ကုမ္မဏီများ၏ အမည်စာရင်းအတည်ပြုသည့် အခမ်းအနား ကျင်းပ

 

ဇေယျာသီရိ ဇန်နဝါရီ ၁၉

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်းများအတွက် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္မဏီအမည်စာရင်း အတည်ပြု သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်တင်ဒါကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ဒါအောင်မြင်ခဲ့သည့် ကုမ္မဏီများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  မိမိတို့ တတ်မြောက်သည့်ပညာဖြင့် သတ်မှတ်ထားသည့်စည်းကမ်း ချက်များနှင့်အညီ အရည်အသွေး ပြည့်ဝကောင်းမွန်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက်   သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ လွှတ်တော်ကိုယ်စား လှယ်များ၏ ကိုယ်စားလှယ်များ၊ မြို့နယ် တင်ဒါကော်မတီဝင်များနှင့် တင်ဒါလျှောက်လွှာ တင်သွင်းထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ ရှေ့မေှာက်တွင် တင်ဒါ အောင်မြင် ခဲ့သည့် ကုမ္မဏီအမည်စာရင်းများကို ကြေညာပေးခဲ့သည်။

ဇေယျာသီရိမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီငွေလုံး‌ငွေရင်းခွင့်ပြု ရန်ပုံငွေကျပ်သန်း(၁၀၀)အထက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၅၆)ခုရှိကြောင်း သိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)