လင်းခေး ဇွန် ၂
ကျေးရွာများရှိ သဘာဝရေထွက်များနှင့်ရေထိန်းတောများရေရှည်တည်တံ့စေရန် အတွက်ရည်ရွယ်လျက်၊ လင်းခေးမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၉ခုနှစ် ရှမ်းပြည်နယ် သဘာဝရေထွက် ရေထိန်းတောထိန်း သိမ်းကာကွယ်ရေး ဥပဒေအရ၊ လင်းခေးမြို့နယ်၊ နောင်လုံကျေးရွာအုပ်စု၊ နောင်လုံကျေးရွာအနီးရှိ (နောင်လုံ) သဘာဝရေထွက်တော (၆၆)ဧကနှင့် ကြားခံနယ်မြေတို့အား သဘာဝရေထွက်တောရေထိန်းတောဧရိယာအဖြစ် ယမန်နေ့က ကွင်းဆင်းသတ်မှတ်ပြီးစီးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်၊ မြို့နယ်သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးကျော်မျိုးနိုင်တို့က အဆိုပါရေထွက်ရေထိန်းတောနှင့်ပတ်သက်သည့် ဥပဒေပါတားမြစ်ချက်များအား ဒေသခံပြည်သူများသိရှိစေရန် ရေထွက်တောဧရိယာတွင် သတိပေးတားမြစ်ချက်ဆိုင်းဘုတ်အနီနှင့် တည်နေရာ/ဧရိယာပြမြေပုံပိုစတာ များစိုက်ထူခြင်း၊ ရေထွက်ရေထိန်းတောဥပဒေဆိုင်ရာအကြောင်း အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စုသဘာဝရေထွက်တောနှင့် ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများလိုက်ပါခဲ့ကြပြီး၊ ရေထွက်တောအတွင်းရှိသစ်တောသစ်ပင်များ ပေါက်ရောက်နေမှုများ၊ ရေထွက်များတွင်သဘာဝရေပူများများထွက်ရှိနေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အဆိုပါရေထွက်သည် နောင်လုံကျေးရွာ၊ နမ့်တုတ်ကျေးရွာများရှိ စိုက်ပျိုးမြေများအားရေပေးဝေပေးနေသည့် အဓိကရေထွက်တောတစ်ခုဖြစ်သည့်အတွက် ဥပဒေအရထိန်းသိမ်းဆောက်ရွက်ပြီးဖြစ်သည့်အတွက် ကျေးရွာနေဒေသခံပြည်သူများအတွက် များစွာအကျိုးရရှိလာစေမည်ဖြစ်ပါကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)