တာချီလိတ် ဇွန် ၂
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ပြည်သူများအကြား ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်လာစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ဇွန်လ ၁ ရက် နံနက်ပိုင်းက လူစည်ကားရာ ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်လမ်းမတွင် ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဝင်းသူနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဗိုလ်ချုပ်လမ်းမတစ်လျှောက် မော်တော်ယာဥ်၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာလျက်ရှိသော ပြည်သူများအား ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြစ် “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆောင်ပုဒ်ပါ သဘာဝတရား၏ အရေးပါသော အခန်းကဏ္ဍများကို အသိပညာပေး ဖော်ပြထားသည့် လက်ကမ်းစာစောင် ၁၅၀ အား ဖြန့်ဝေပေးကြသည်။
ပြည်သူများအနေဖြင့် သဘာဝအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းအသုံးပြုတတ်လာစေရန်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန်နှင့် တစ်ဦးချင်းစီက ပြည်သူများအကြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း